စစ်ဘေးရှောင်များလှူရန် စစ်ကောင်စီခွင့်မပြု၍ ထောက်ပံ့ရေး ပစ္စည်းတချို့ UNHCR ပြန်သယ်မည်ဟု ဆို
|မင်းတပ်ကျေးရွာများမှ စစ်ဘေးရှောင်များလှူရန် စစ်ကောင်စီခွင့်မပြု၍ ထောက်ပံ့ရေး ပစ္စည်းတချို့ UNHCR ပြန်သယ်မည်ဟု ဆို
20 July 2021-Kachinwaves
ယမန်နေ့က မင်းတပ်မြို့ကိုရောက်ရှိလာသည့် UNCHR ထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီက မြို့ပေါ်ရှိစစ်ဘေးရှောင်များကိုသာ ပေးရန်ခွင့်ပြုပြီး ကျေးရွာများရှိ စစ်ဘေးရှောင်များကို ပေးအပ်ရန်ခွင့်မပြုသောကြောင့် ပစ္စည်းတချို့ကို ပြန်သယ်ယူသွားတော့မည်ဟု ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၁၉ရက်ကမင်းတပ်မြို့ကိုရောက်ရှိလာသော UNCHRမှ ထောက်ပံ့ရေးပစ္စည်းများသည်စစ်ကောင်စီ၏ ချိတ်ဆက်မှုဖြင့်ရောက်ရှိလာခြင်းဖြစ်သော်လည်း စစ်ကောင်စီက စစ်ဘေးရှောင်အနည်းငယ်ကိုသာ ပေးဝေရန်ခွင့်ပြုသောကြောင့် ကျန်ပစ္စည်းများကိုပြန်သယ်ရန် ရှိနေခြင်းဖြစ်သည်။ အခုဝင်လာတာက ကျွန်တော်တို့နဲ့ ချိတ်ဆက်တဲ့အပိုင်းကမဟုတ်ဘူး။ စကစက ခွင့်ပြုပေးတဲ့အတိုင်းအတာနဲ့ ဝင်ရောက်လာကြတာ “ဟု မင်းတပ်စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၈ခုခန့်ရှိသော်လည်း လူဦးရေအားဖြင့် ၂၀၀ ဝန်းကျင်လောက်သာရှိပြီး ကျန်ထောင်ချီသောစစ်ဘေးရှောင်များမှာ တောနယ်ဘက်တွင်သာ အများဆုံးရှိနေကြသည်ဟု သိရသည်။
“အိမ်ပြန်စစ်ရှောင်များ နှင့် နယ်ဖက်ရောက် စစ်ရှောင်များအတွက် ခွင့်မပြုဟု စကစ ဖက်မှ ပြောသောကြောင့် စာရင်းရှိ အတိုင်းပေးပြီးကျန်ပစ္စည်းများအား ပြန်သယ် သွားမည်ဟုလည်း သိရ”ဟု မင်းတပ်မြို့ခံတစ်ဦးက ယနေ့တွင် လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။
မင်းတပ်မြို့နယ် ကျေးရွာများဘက်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခနှင့် ဆေးဝါးများမှာ အရေးတကြီးလိုအပ်နေပြီး ICRC နှင့် WFPအစရှိသည့် နိုင်ငံတကာအဖွဲ့အစည်း၏ အကူအညီရရှိရေး ချိတ်ဆက်ဆောင်ရွက်နိုင်သော်လည်း စစ်ကောင်စီကခွင့်မပြု၍ မဝင်ရောက်လာနိုင်သေးဟု စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများ ဝင်ရောက်ကူညီပေးမှုများကို ပိတ်ပင်ထားသည့်အပြင် ပြည်တွင်း၌လည်း မင်းတပ်မြို့နယ်အတွင်းကို ဝင်ရောက်သည့်လမ်းကြောင်းများကို ကန့်သတ်ထားသည်။” ဆန်တွေကို ခွင်ပြုချက်နဲ့သယ်နေရတယ်။ ခွင့်ပြုချက်မပါတာတွေနဲ့ သက်မှတ်ထားတာထက်ပိုတာတွေကို သိမ်းတယ်။ ဆေးဝါးတွေဆို လုံးဝသယ်ဆောင်ခွင့်မရှိဘူး။ တန်းဖမ်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
Source- သံလွင်ခက် – Than Lwin Khet News
20 July 2021-Kachinwaves