“ဆရာတော်တွေ ကိုဗစ်ကာလမှာ နေအိမ်တွေကို နာရေးကြွရတဲ့ အခက်အခဲ”
|“ဆရာတော်တွေ ကိုဗစ်ကာလမှာ နေအိမ်တွေကို နာရေးကြွရတဲ့ အခက်အခဲ”
ကိုဗစ်ကာလမှာ နေအိမ်တွေကို နာရေးကြွရတာကြုံရတဲ့
အဖြစ်တွေနဲ့ပတ်သက်လို့ ဆရာတော်တစ်ပါးက မိန့်ကြားပြောပြထားပါတယ်။
“ဘုန်းကြီးတွေလည်းဒီကာလမှာ နာရေးကိစ္စကြွရတာ အခက်အခဲလေးတွေ ဖြစ်နေတယ်။
ဦးဇင်းတစ်ပါးက ပြောတယ်။ နာရေး ရက်လည် ပင့်လို့ ဘုန်းကြီး ငါးပါး mask လေးတွေပဲ တပ်ပြီး ကြွကြတာတဲ့။
ဟိုရောက်တော့ ကွယ်လွန်သူရဲ့ သမီးဖြစ်သူက အော်အော်ငိုတယ်တဲ့။
“တပည့်တော် အမေက ကိုဗစ်နဲ့ ဆုံးတာ မဟုတ်ပါဘူး။ အမလေး အမေရဲ့။ ဒီမှာ ဘုန်းဘုန်းတွေက mask တွေ တပ်ပြီး တရားဟောနေတယ် အမေရဲ့”
အော်အော် ငိုနေတာတဲ့။ ဘုန်းကြီးတွေက တပ်ထားတဲ့ mask ကို ချွတ်ပေးလိုက်မှ အငိုရပ်သွားတယ်တဲ့။
ဒါက mask လေး တပ်ထားရုံပဲ ရှိသေးတာ။ PPE ဝတ်စုံကြီးနဲ့ဆို ပိုဆိုးတယ်။ သေသွားလို့ ပူနေရတဲ့အထဲ ငါ့ကြောင့် စိတ်မကောင်းဖြစ်သွားလေမလား စိုးရသေးတာ။
ကိုယ်တွေလဲ ဝတ်စုံကြီးနဲ့ ကြွဖူးတယ်။ level 3 ဝတ်စုံဆို ဘောင်းဘီကြီးနဲ့။သင်္ကန်း ခါးတောင်းကျိုက်ပြီး ဝတ်ရတာ။ တမျိုးကြီးရယ်။ တင်ပါးကြီးက ကြီးနေတော့ နောက်ကျောမလုံတာက တမျိုး။
ငယ်ငယ်ကတည်းက သင်္ကန်းပဲ ဝတ်လာတာဆိုတော့ ဘယ်လိုကြီးမှန်း မသိဘူး။ ကွတတကြီး။ ခြေလှမ်းတွေတောင် မမှန်ချင်ဘူး။
ကိုဗစ်ကာကွယ်ရေးအတွက် ပရဟိတ လုပ်ပေးနေတာမျိုးဆိုလဲ တမျိုး။ အခုဟာက လူတွေက မျက်နှာငယ်လေးနဲ့ လက်အုပ်ချီ ရှိခိုးနေကြတာ။ ကိုယ်က ရှေ့ကနေ ယပ်တောင်ကြီးနဲ့ မံမီရုပ်ကြီး
လို။ အဆင်မပြေလှဘူး။
Level 2 ဝတ်စုံ ကျပြန်တော့လဲ save မဖြစ်ပြန်ဘူး။ အဲဒါ ဝတ်ရတာကို တမျိုးကြီးပါ။ ပရိသတ်တော့ မသိဘူး။ တရားဟောနေရတာကိုက လိပ်ပြာမသန့်ဘူး။
သို့သော်လဲ ဆရာရင်း ဒကာရင်းတွေ ဖြစ်နေတဲ့အခါမျိုးမှာတော့ ရှေ့မျက်နှာ ရှေ့မှာပဲ ထားပြီး လုပ်နေရတာပါပဲ။
တချို့ကိုတော့ ဖေ့ဘုတ် မက်စင်ဂျာကနေ V call နဲ့ တရားနာ ရေစက်ချခိုင်းတယ်။ လုပ်ကြည့်တယ်။ အဆင်မပြေဘူး။
ဟောနေရင်း လိုင်းကျသွားလို့ တရားလည်နေတာ၊ ကိုယ်က ‘အဒိန္ဒာဒါနာ ဝေရမဏိ’…ဆို သူတို့က ‘ပါဏာတိပါတာ ဝေရမဏိ’ ဖြစ်နေတာ။
အခုနောက်ပိုင်း ကျောင်းကနေပဲ ဖုန်းလေးနဲ့ လုပ်ပေးရတယ်။ အိမ်မှာ ဆောင်းဘောက်ရှိရင် ဖုန်းနဲ့ တွဲထား။ သေချာ တရားနာ၊ ဦးဇင်းကလဲ ဒီကနေ သေချာထိုင်ပြီး တရားဟောပေး။ မဆိုးဘူး
အဆင်ပြေတယ်။
တကယ်တော့ ကွယ်လွန်သွားသူအတွက် ကုသိုလ်လုပ်ပြီး နာမည်လေးခေါ် အမျှဝေပေးဖို့က အဓိကပါ။ ဘယ်ကုသိုလ်ပဲ လုပ်လုပ် အထမြောက်ပါတယ်။
(PPE ဝတ်စုံလေးနဲ့ တင်ပေးပါ၊ ရယ်ချင်လို့ ဆိုသူများအတွက် level 2 ဝတ်စုံ ဖက်ရှင်လေးနဲ့ နာရေးကြွထားတဲ့ပုံလေး တင်ပေးလိုက်ပါတယ်။ level 3 ဖက်ရှင်တော့ မတောင်းဆိုနဲ့နော်။ လုံးဝပဲ)
(ဆရာတော်လူမူကွန်ယက်မှာရေးသားထားတာကိုပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်)