မကွေးမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ်များပြုလုပ်ကာ အဓမ္မငွေတောင်း
|မကွေးမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ်များပြုလုပ်ကာ အဓမ္မငွေတောင်းမကွေးမြို့တွင် COVID -19 ကြောင့် အပြင်သွားလာခွင့် ကန့်သတ်ထားသည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်များက မြို့အနီးတဝိုက်စစ်ဆေးရေးဂိတ်များချကာ ဖြတ်သန်းသွားလာသူများထံက အဓမ္မငွေတောင်းခံနေသည်ဟု ဒေသခံများအပြောအရသိရသည်။မကွေးမြို့မှ မန္တလေးသို့သွားသည့် မကွေး – ရေနံချောင်း – ကျောက်ပန်းတောင်း လမ်းမကြီးပေါ်တွင် ဂိတ် ခြောက်ဂိတ်ပြုလုပ်ကာ ဖြတ်သန်းသွားလာနေသည့် ကားနှင့်ဆိုင်ကယ်များအား ငွေတောင်းနေခြင်းဖြစ်သည်။
“ မနက်ပိုင်းကျွန်တော်တို့ မန္တလေးဘက်ကိုတက်တော့ မကွေးဆေးတက္ကသိုလ်လမ်းဆုံနားမှာ ပထမဆုံးဂိတ်တစ်ခုတွေ့တယ်။ စစ်သားတွေ ငါးယောက်လောက်ရှိတယ်။ ဟိုစစ်ဒီစစ် လုပ်နေရင်း ပိုက်ဆံတောင်းတယ်။ ကားမောင်းတဲ့ကောင်လေးက ငါးရာကျပ်တန်တစ်ရွက်ထုတ်ပေးတာ ပြန်ယူသွားဆိုပြီး ခပ်မာမာပြောတယ်။ နောက်တစ်ထောင်ထုတ်ပေးလိုက်ရတယ်။ အဲဒီကြမှသူက ဒီမှရှိတဲ့ စစ်သားအရေအတွက်ကိုလည်း ကြည့်ဦး ဆိုပြီးပေးတဲ့ပိုက်ဆံနည်းလို့ မကျေမနပ်နဲ့ပြောတယ်” ဟု ကြုံတွေ့ခဲ့ရသူ ခရီးသည်တစ်ဦးကဆိုသည်။
ထိုဂိတ်တွင် ဆိုင်ကယ်သမားများလည်း ဆင်းတွန်းနေရပြီး ပိုက်ဆံပေးသည့် ယာဉ်များအား အသာတကြည်သွားခွင့်ပြုကာ မပေးလျှင်ရစ်နေကြောင်းသိရသည်။
“ရစ်တယ်ဆိုတာ ဟိုအထုပ်ဖြည်၊ ဒီအထုပ်ရှာလုပ်နေတာ ၊ သေချာစစ်ဆေးရှာဖွေတာမျိုးမဟုတ်ဘူး။ ပိုက်ဆံပေးမလာသေးလို့ရစ်နေတာ” ဟု ခရီးသည်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သားများ အသင့်စောင့်ကာ ငွေတောင်းသည့်နေရာများမှာ- မကွေးဆေးတက္ကသိုလ်အနီးရှိဂိတ်၊ မကွေးတိုးဂိတ်၊ ဂွေးချိုရွာအနီး၊ ကျောက်ပန်းတောင်းမြို့အဝင်ဂိတ်၊ ကျောက်ပန်းတောင်းမြို့အထွက်ဂိတ်နှင့် ထုံးဘိုမြို့ဂိတ်တို့ ဖြစ်သည်။
“ဆိုင်ကယ်တွေ ကားတွေလည်းများတော့ အကြာကြီးစောင့်နေရတာ၊ နောက်ပြီး ဆိုင်ကယ်သမားတွေဆို ဂိတ်နားမရောက်ခင်ကတည်းက ဆင်းတွန်းရတယ်။ အချို့လမ်းနေရာတွေက သဲတွေများတော့ ဗိုက်ကြီးသည်တို့ သက်ကြီးရွယ်အိုတို့ဆို တအားဒုက္ခရောက်ကြတယ်” ဟု ခရီးသည်များက ဆိုသည်။
မကွေးမြို့အား စစ်ကောင်စီမှ Lockdown(အပြင်ထွက်ခွင့် ကန့်သတ်ခြင်း) ပြုလုပ်ထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး မနက် ၅ နာရီမှ ၁၀ နာရီအထိတစ်ကြိမ်၊ ညနေ ၅ နာရီမှ ၇ နာရီအတွင်း တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်သာ အပြင်ထွက်ခွင့်ပြုထားသည်။