ရန်ကုန် ဗိုလ်တထောင်မှ ကျဆုံးလူငယ် ၅ ဦး၏ ရုပ်အလောင်းများကို မိသားစုများထံ ပြန်မပေးဘဲစစ်ကောင်စီက

ရန်ကုန် ဗိုလ်တထောင်မှ ကျဆုံးလူငယ် ၅ ဦး၏ ရုပ်အလောင်းများကို မိသားစုများထံ ပြန်မပေးဘဲ စစ်ကောင်စီက စုပေါင်း သဂြိုလ်ရန် စီစဉ်နေ
ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း အောက်ဘလောက် အိမ်အမှတ် ၃၈ ကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များက

ဝင်စီးနင်းစဉ် တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးသွားသော ကျဆုံးလူငယ် ၅ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီက မိသားစုများထံ ပြန်မပေးဘဲ

စုပေါင်းသဂြိုလ်ရန်ရှိနေကြောင်း ရဲနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်များက ဗိုလ်တထောင်တိုက်ခန်းကို စီးနင်းစဉ် လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍

သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုက်လံ ဖမ်းဆီးစဉ် စစ်ကောင်စီတပ်များက လူငယ်များကို ပစ်ခတ်ခဲ့မှု ရှိခဲ့ကြောင်း သိရှိရသည်။

“သိသလောက်ကတော့ သေသွားတဲ့လူငယ်တွေကို ဘယ်သူတွေလဲဆိုတာ စိစစ်နေတယ်။

ဖမ်းမိတဲ့သူဆီကနေ တစ်ဆင့် မေးမြန်းနေတယ်လို့ သိထားပါတယ်။ သူတို့တိုက်ခန်းထဲမှာလည်း ပစ္စည်းတွေ မိထားတော့ ဆုံးသွားတဲ့သူတွေက အမှုရှိတယ်ပေါ့။

အဲဒီတော့ မိသားစုဆီကို အလောင်းပြန်ပေးတာမျိုး မရှိနိုင်ပါဘူး။ မိသားစုကို ရဲဘက်ကနေ အကြောင်းကြားမယ်။ သဂြိုလ်တဲ့အချိန် လာဖို့ ခေါ်မယ်။

ဓာတ်ပုံရိုက်တာတွေ ဘာတွေလည်း ခွင့်ပြုဖို့မရှိနိုင်ဘူး။

ဒီဘက်က အစီအစဉ်နဲ့ပဲ သဂြိုလ်ဖို့ရှိတယ်။ အခုကတော့ သိသလောက် စိစစ်နေဆဲပဲ” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


လက်ရှိတွင် ကျောင်းသားအဖွဲ့များနှင့် ဆန္ဒပြအဖွဲ့များထံမှ ရရှိသော သတင်းအရ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်ခံရသည့်ဖြစ်စဉ်တွင်

လူငယ်များဖြစ်ကြသည့် မောင်မင်းသစ္စာမောင် (ခ) ဗလ၊ မောင်ကောင်းမင်းသန့် (ခ) flex၊ မောင်သီဟကောင်းဆက်၊ မပိုးကျော့ကျော့သွယ်၊ မောင်ဝေထွန်း၊

မောင်ရဲမင်းဦး (ခ) ရဲကြီးတို့ ကြုံတွေ့ခံစားရပြီး မောင်ကောင်းမင်းသန့်(ခ) flex ၊ မောင်ရဲမင်းဦးနှင့် မပိုးကျော့ကျော့သွယ်တို့မှာ

သေဆုံးသွားသည့်စာရင်းတွင် ပါဝင်နေကြောင်း အတည်ပြုထားနိုင်သည်။

(ဓာတ်ပုံများကို သက်ဆိုင်သူများက ပေးပို့ခြင်းဖြစ်ပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်လက်အတည်ပြုနိုင်ရန် ကြိုးစားနေကာ

မှားယွင်းလွဲချော်မှု ရှိပါက ပြင်ဆင်နိုင်ရေး အသိပေးအကြောင်းကြားကြပါရန် မေတ္တာရပ်ခံပါသည်)

Add a Comment

Your email address will not be published. Required fields are marked *