လူမျိုးကြီးဝါဒဖြင့် အုပ်ချုပ်နေသော အာဏာသိမ်းစစ်ကောင်စီကို ​ချေမှုန်းတိုက်ခိုက်သွားမည်ဟု KIO ဥက္ကဋ္ဌ ပြော

လူမျိုးကြီးဝါဒဖြင့် အုပ်ချုပ်နေသော အာဏာသိမ်းစစ်ကောင်စီကို ​ချေမှုန်းတိုက်ခိုက်သွားမည်ဟု KIO ဥက္ကဋ္ဌ ပြော
ရန်ကုန်၊ သြဂုတ် ၁၀

လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားရန် KIO အနေဖြင့် ဗမာပြည်သူလူထု၊

အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နေကြောင်း ယနေ့ သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သော ကချင်အာဇာနည်နေ့တွင် ပေးပို့သော

ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ပါရှိကြောင်း Kachin News Group တွင် ရေးသားဖော်ပြသည်။

“ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသော စစ်တပ်ကို

အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာ ပြည်သူလူထု၊ အဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊

စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုများ အစီစဉ်တကျပြုလုပ်နေပါတယ်” ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

ယနေ့ ကျရောက်သော ကချင် အာဇာနည်နေ့ကို Covid-19 အခြေအနေကြောင့် ယခင်နှစ်များလို လူစုလူဝေးဖြင့် ပြုလုပ်နိုင်ခြင်း မရှိပဲ

KIO ဥက္ကဋ္ဌ မိန့်ခွန်းကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်မှ ဖတ်ကြားပေးခဲ့သည်။

စစ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ မတ်လမှ စတင်ပြီး ကချင်ဒေသများတွင် စစ်တပ်ကို ခုခံတိုက်ခိုက်သည့် စစ်ပွဲများ တဖန်ဖြစ်ပေါ်လာချိန်

အခြားပြည်သူများ၏ ကူညီထောက်ပံ့လာသော ဆေးဝါး၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်း နှင့် ငွေကြေးများကို

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လက်ခံရရှိကြောင်း၊ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ၏ နေ့ည မပြတ် ကူညီပေးနေမှုသည်လည်း

ထူးခြားသည့် သမိုင်းမှတ်တမ်းတစ်ခုဖြစ်နေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လမှ ကျေးဇူးတင်စကား ဆိုသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူကို ရန်သူသဖွယ် ပစ်သတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊

ငွေကြေး ဥစ္စာ လုယက်ခြင်း စသည့်လုပ်ရပ်များသည် ၂၁ ရာစု မည်သည့်နေရာတွင်မျှ မရှိသော ဖက်ဆစ်စနစ်ကို ကျင့်သုံးနေခြင်း ဖြစ်သည်ဟု

KIO ဥက္ကဋ္ဌ မိန့်ခွန်းတွင် သုံးသပ် ပြောဆိုထားပြီး စစ်တပ်၏ အဆိုပါလုပ်ရပ်များကို ကချင်ဒေသတွင် ခံစားခဲ့ရသည်မှာ နှစ်ပေါင်း ၇၀ ကျော် ပြီဟု ဆိုထားသည်။

KIA ဝန်ထမ်းများအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးက အားပေးနေသည့်အတွက် တိုက်ပွဲတိုင်းအောင်မြင်မှုရအောင်

အားစိုက်ထုတ်ကြရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်သော လုပ်ရပ်များကို အထူးရှောင်ရှားရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ပထမဆုံးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ GOC Lahtaw Zau Seng လုပ်ကြံသတ်ဖြတ်ခံရသော

၁၉၇၅ ဩဂုတ် ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် KIO က သတ်မှတ်ပြီး နှစ်စဉ် ပြုလုပ်ခဲ့ရာ ယနေ့သည် ၄၆ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနယ်စပ်၊

ရှမ်းမြောက်ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ကိုးကား – Kachin News Group
ဓါတ်ပုံ – ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

Add a Comment

Your email address will not be published. Required fields are marked *