ပြည်သူများ ထောက်ခံမှု တိုးမြင့်လာလေ ဖိအားများလေ ဖြစ်လာသည့် NUG

မင်းအောင်လှိုင် သည် တပတ်တခါ စိတ်ကူးထဲ ရှိရာ ဆင်ဖမ်းမည် ကျားဖမ်းမည် ဟု ထွက်ထွက် ပြောနေသော် လည်း ၆ လ ကြာမြင့်လာသည့်တိုင်

NUG ဦးဆောင်သော တော်လှန်ရေး အရှိန်အဟုန်ကို ရိုက်ချိုး နိုင်စွမ်း မရှိ ဖြစ်နေသည်။

 

နောက်ဆုံး လော်စပီကာ သုံး၍ ရပ်ကွက်ထဲ လှည့်အော်နေခြင်း၊ ဓါတ်တိုင်တွင် စာကပ်ခြင်း အစရှိသည့် နည်းမျိုးစုံ သုံးနေရသည့် အဆင့် ရောက်လာခဲ့သည်။

လက်ရှိတွင် ၁၉၇၇ ခုနှစ် ဒေါ်စိန်အေး ကျောင်းမှ အမှတ်စဉ် ၁၉ ဖြင့် ဆင်းလာသူ မင်းအောင်လှိုင် တဦးတည်း၏ အသိဥာဏ် အမြော်အမြင်၊

လုပ်ရည်ကိုင်ရည်ကိုသာ စစ်တပ် တတပ်လုံး အထင်တကြီး နှင့် အားကိုး ပြုနေကြ ရရှာသည်။

 

ဤသည်ကလည်း ၎င်းထက် စီနီယာ ကျသူ တဦးတလေ ကိုမျှ အဖွဲ့ထဲတွင် မရှိအောင် လုပ်ထားခြင်း ကြောင့်ဖြစ်သည်။ စိုးဝင်းသည်ပင်

၁၉၈၁ ကျောင်းဆင်း ဖြစ်နေသည်။၎င်းတို့ မည်သို့ပင် ကြေညာချက်များ ထုတ်ကာ အာဏာသိမ်းမှုကို တရားမျှတမှု ရှိလေဟန်၊

မလုပ်မဖြစ် လုပ်ရ လေဟန် ကမ္ဘာကို လှည့်ဖျားဖို့ ကြံနေသော်လည်း

 

ဒေါ်စိန်အေး ကျောင်းဆင်းလေးများ၏ ထိုသို့ တတ်သမျှ မှတ်သမျှ နှင့် ပြောဆိုနေမှုများကို ကမ္ဘာ တဝှမ်း ရှိ မည်သည့် ခေါင်းဆောင်ကမျှ

အထင်တကြီး နှင့် ဟုတ်ပါပေ သည်ဟု ထောက်ခံကြပါမည်လော၊ သူတို့ အားလုံးသည် လက်နက်အားကိုး ဖြင့် မဟုတ်၊ ကိုယ်စွမ်းကိုယ်စ ဖြင့်

ထိပ်တန်းရောက်အောင် ကြိုးစားခဲ့ရသူများ ချည်း ဖြစ်သည်။ သို့သော် ကြာလာသည်နှင့်အမျှ သူတို့အဖို့ အခြား ရွေးစရာ လမ်းမရှိတော့၍

အောင့်အီး ဆက်ဆံလာကြရပေတော့မည်။

 

တဖက် တွင် NUG သည်လည်း ပြည်သူများ၏ တခဲနက် ထောက်ခံမှုကို ရလေလေ တော်လှန်ရေး ကို စတင်ဖို့ ဖိအားများ တိုးလာလေလေ ဖြစ်နေရသည်။

Frontier Myanmar တွင် တဖက် ကို တဖက် အပြီးအပြတ် ချေမှုန်း နိုင်ရန် နှစ်ဖက်စလုံးတွင် အရင်းအမြစ်ကော၊ အင်အားပါ မရှိ ဖြစ်လာနေသည်ကို

တွေ့ရသည်ဟု ရေးသားထားသည်။

 

သို့သော် NUG သည် ယခင်က နိုင်ငံတ ကာ၏ အသိအမှတ် ပြုခံရရန် အစိုးရ တရပ်အဖြစ် အပီအပြင် ဖေါ်ဆောင်နိုင်ရေး ကို ဇောင်း ပေးခဲ့ရာမှ

ယခု အခါ တော်လှန်ရေး အစိုးရ အသွင် ဦးတည်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ဦးတည်လာနေ သည်နှင့်အမျှ NUG အတွင်း ပွတ်တိုက်မှု များ

ရှိလာနေသည်ဟု လည်း ရေးသားထားသည်။

 

သို့သော် အပြောချည်းသာ မြင်တွေ့နေရပြီး လက်တွေ့ လှုပ်ရှားမှုတွင် ကင်းကွာနေခြင်းများ မဖြစ်ရန်၊ ပြည်သူများ အကြား စိတ်ပျက် အားလျော့မှုများ

တိုးပွားမလာရန် ကြိုးစားနေကြဆဲပင် ဖြစ်သည်။မတ်လ ကုန်ပိုင်းမှစ၍ ဒေသအလိုက် PDF များ ဖွဲ့စည်းပြီး ရရာလက်နက် တော်လှန်နေမှုများမှာ

အရှိန်ရလာပြီး အာဏာသိမ်း အကြမ်းဖက်တပ်များ ဖက်က အကျအဆုံး များလာနေပြီ ဖြစ်သည်။

 

ထို့အတွက် အာဏာသိမ်း အဖွဲ့က ရပ်ကွက်ထဲ လော်စပီကာ နှင့် လိုက်အော်နေရပြီး ထိုးစစ်ကြီး ဆင်နွှဲလာ တော့မည် ဆိုသည်ကို အသိအမှတ်ပြုလာရသည့်

လက္ခဏာများပင် ဖြစ်သည်။ ယင်းနှင့် အတူ တပ်တွင်း ပြိုကွဲမှုများ ဖြစ်လာမည် ကို အထူး စိုးရိမ်လာနေသည်။ ၎င်းတို့ အမြန်ဆုံး ပလ္လင် ပေါ်မှ ဆင်းပြေးရမည့်

တခုတည်းသော အကြောင်းရင်း ဖြစ်နေသောကြောင့်ပင်။

 

မိမိတို့ဖက်မှ မောင်းပြန်သေနတ်က အစ အလှူငွေများဖြင့် ဝယ်ယူနေရသည့် အချိန်တွင် ရုရှားက လက်နက်များ ဆက်တိုက်ဆိုသလို ရောင်းချပေးနေသည်။

အဓိက အရေးကြီးဆုံး ဖြစ်သည့် လက်နက်များကို ပြည်သူများ၏ အလှူငွေများသာ အားကိုးနေရ၍ ထင်တိုင်း မပေါက် ဖြစ်နေရသည်။ တဖက်တွင် နိုင်ငံ အနှံ့

အကွဲကွဲ အပြားပြား ဖြစ်နေသော PDF အဖွဲ့များကို တစုတစည်း တည်း စုဝေးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

 

မည်သို့ပင်ဖြစ်စေ စပြီဆိုမှတော့ ဘွာတေး လုပ်၍ မရတော့သဖြင့် NUG အဖို့ ပွဲဦးထွက် မအောင်မြင်ခဲ့လျှင်၊ လွတ်မြောက်နယ်မြေ တခု မတည်ဆောက်နိုင်ခဲ့လျှင်၊

ပြည်သူများ ၏ အထင်မြင်သေးမှု ခံရမည့် အရေးအပြင် စိတ်ဓါတ်များ ကျဆင်းသွားမည်ကို စိုးရွံ့နေဟန် ရှိသည်။

 

ထို့အပြင် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား သွေးခွဲမှုများလည်း ရှိနေသည်။ အဓိက ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒီနေ့ ပြန်လွှတ်လျှင်

နောက်နေ့ သဘောတူထားခဲ့သမျှ အကုန်ပျက်ပြယ်သွားတော့ မည် ဆိုသော အရေမရ အဖတ်မရ ပြောဆိုနေမှုများပင် ဖြစ်သည်။

 

ပြည်သူများ၏ တခဲနက် ဆန္ဒပြုလိုလားနေသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်နိုင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်၏ တခုတည်းသော

ရည်မှန်းချက် ဖြစ်သည်ကို မေ့လျော့နေကြသည်။ ယခင်က ရှဥ့်လည်း လျှောက်သာ ပျားလည် စွဲသာ ရင်ကြားစေ့ ရေးကို ရည်မှန်းပြီး ပင်လုံညီလာခံ

လမ်းကြောင်းမှ သွားနေခြင်း ဖြစ်သည်။

 

ပင်လုံ ညီလာခံ သည် အပစ်အခတ်ရပ်စဲရေး အတွက် ဖိတ်ခေါ်နေခြင်း မဟုတ်၊ တိုင်းရင်းသား အားလုံး၏ ဆန္ဒ မည်သို့ ရှိသည်ကို ပြည်သူတို့ အား

သိစေရန် ဖိတ်ခေါ်ခဲ့ခြင်းမျိုးသာ ဖြစ်သည်။

 

ယခုအခါတွင် ရင်ကြားစေ့စရာ မလိုတော့၊ သူမ သွားချင်သည့် လမ်းကြောင်းအား နှောက်ယှက်မည့် အာဏာရူး များလည်း မရှိတော့သည့်အခါ ရပြီးသား

သဘောတူညီချက်ကို အပြီးတိုင် တွန်းအားပေး အကောင်အထည် ဖေါ်သွားတော့ မည်ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့၏ အလွန်အကျွံ လုပ်ရပ်များ ကို မည်သို့မျှ ခွင့်လွှတ်နိုင်စရာ လည်း မရှိပေ။လောလောဆယ်တွင် တကမ္ဘာလုံးက အာဖဂန်နစ္စတန်

အရေးကို အာရုံစိုက်နေချိန် ဖြစ်ပြီး လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကြီး တွင် ထိုအကြောင်းများကို အဓိကထားပြီး ဆွေးနွေး ငြင်းခုံကြဦးမည် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!
Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *