အာဂျင်တီးနား တရားရုံးမှာ မြန်မာစစ်တပ်ရဲ့ ပြစ်မှုတွေ ကြားနာစစ်ဆေးမှု စတင်
အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ် မြို့ တရားရုံးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ်
လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာ အရပ်ဘက်နဲ့ စစ်ဘက်
ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ အမှုအတွက် ကြားနာစစ်ဆေးမှုတွေကို
မနေ့က စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကနေ
အသက်မသေပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသမီး ၆ ဦး တက်ရောက်ပြီး ထွက်ဆိုခဲ့ကြပါတယ်။
မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဒီအမှုနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရားရုံးက
အမိန့်ချလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီအမှုကို လိုက်ပါဆောင်ရွက်နေသူတွေက
ပြောပါတယ်။
ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တောင်အမေရိက နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူ
အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့
ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့
နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်အချို့ကိုတာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီး၊
အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ တရားရုံးမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက
တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုဟာ နိုင်ငံတစ်နိုင်ငံမှာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့
ရာဇဝတ်မှု လို ဆိုးဝါး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို အခြားနိုင်ငံ တစ်နိုင်ငံက တရားရုံးမှာ
တရားစွဲဆိုခွင့် ရှိစေတဲ့ ဒီ universal jurisdiction သဘောတရားကို အခြေခံတာဖြစ်ပြီး၊
ဒီအမှုမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အပြစ်ရှိကြောင်း အမိန့်ချမှတ်နိုင်ရင်၊
နိုင်ငံတကာအဆင့် ဖမ်းဝရမ်း ထုတ်နိုင်ဖို့လည်း မျှော်လင့်ကြောင်း ဒီအမှုအတွက်
ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ ကွင်တားနားက ပြောထားပါတယ်။
သြဂုတ်လ ၁၇ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ကြားနားစစ်ဆေးမှုမှာတော့
မြန်မာ ရိုဟင်ဂျာအသင်း ယူကေ ရဲ့ ဥက္ကဌ ဦးထွန်းခင်နဲ့ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး
လုပ်ဆောင်မှုတွေအတွင်း အသက်မသေပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသမီး ခြောက်ဦးတို့ရဲ့
ထွက်ဆိုချက်တွေကို ကြားနာခဲ့ပါတယ်။
“ဒီအမျိုးသမီးတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး
လုပ်ဆောင်ရာမှာ အသက်မသေပဲ ကျန်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
အခုဆိုရင် အဲဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။
တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အထဲက ရွာတစ်ရွာမှာ နေထိုင်ခဲ့တဲ့
ဒီအမျိုးသမီးတွေဟာ မြန်မာတပ်မတော်က ကျူးလွန်ခဲ့တဲ့ အရက်စက်ဆုံး
ပြစ်မှုတွေကို မျက်မြင် ကြုံခဲ့ရပါတယ်။
တပ်မတော်သားတွေ သူတို့ရွာထဲကို ရောက်လာပြီး အမျိုးသား
အားလုံးကို စတင်သတ်ဖြတ်ခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီးတွေကိုလည်း
အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ပါတယ်။
သူတို့ရဲ့ ကလေးတွေလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒါကြောင့်မို့ အဲဒီရွာကနေ သူတို့ထွက်ပြေးခဲ့ပါတယ်။
အခု ဒီအမျိုးသမီးတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားက ဒုက္ခသည် စခန်းမှာ
နေထိုင်နေပါတယ်။ ဒီနေ့ထွက်ဆိုခဲ့တဲ့တာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်က
ရခိုင်ပြည်နယ်က အဲဒီရွာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ဖြစ်ပါတယ်။ ”
မြန်မာ ရိုဟင်ဂျာအသင်း (ယူကေ)က ဦးထွန်းခင်ကတော့ ဒီ အာဂျင်တီးနား တရားရုံးမှာစွဲဆိုထားတဲ့
အမှုဟာ ရိုဟင်ဂျာတွေအတွက်တင်မကပဲ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံရတဲ့
လူနည်းစု အားလုံးအတွက် တရားမျှတမှု ရဖို့ လမ်းစဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICC မှာ ဂမ်ဘီယာနိုင်ငံကနေ
မြန်မာနိုင်ငံကို လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်အတွက် တရားစွဲဆိုထားတဲ့ အမှုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို
ထွက်ပြေးလာတဲံ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး အိုင်စီစီမှာ
တရားစွဲဆိုထားတဲ့ အမှုတွေလည်း ရှိနေပါတယ်။
ဒီအာဂျင်တီးနားနိုင်ငံမှာ စွဲဆိုထားတဲ့ အမှုကို အိုင်စီစီ တရားရုံးကလည်း အားပေးထောက်ခံထားပြီး၊
မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့
စုံစမ်းစစ်ဆေးရေး ယန္တရား IIMM နဲ့လည်း ပူးပေါင်း ဆောင်ရွကနေတဲ့အကြောင်း
မစ္စတာ ကွင်တားနားက ပြောပါတယ်။
မနေ့က ကြားနာစစ်ဆေးမှုအတွင်းမှာ အာဂျင်တီးနား တရားရုံးဟာ
Universal jurisdiction သဘောတရားအရ ဒီတရားစွဲဆိုမှုဟာ တရားဝင်ဖြစ်မဖြစ်
မေးခွန်းထုတ်တာမရှိပဲ၊ ဒီ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုဟာ နိုင်ငံတကာ
ရာဇဝတ်မှုတရားရုံး အိုင်စီစီမှာ စွဲဆိုထားတဲ့ အမှုနဲ့ ထပ်နေတာမျိုး ရှိမရှိကိုသာ
စစ်ဆေးခဲ့တယ်လို့ မစ္စတာ ကွင်တားနားက ပြောပါတယ်။
“အခု ဘွေနိုအေးရီးစ် မြို့ တရားရုံးမှာစွဲဆိုထားတဲ့ အမှုက တိုင်ကြားချက်တွေဟာ
အိုင်စီစီ တရားရုံးမှာ စွဲဆိုထားတဲ့ အမှုက တိုင်ကြားချက်တွေနဲ့ overlap ဖြစ်ပြီး
ထပ်နေတာ ရှိမရှိကိုပဲ စစ်ဆေးနေပါတယ်။ ဒါနဲ့ ပက်သက်လို့တော့ overlap ဖြစ်နေတာ မရှိပါဘူး။
ICC တရားရုံးက စွဲဆိုထားတဲ့ အမှုက ရိုဟင်ဂျာတွေကို ဖိနှိပ်မှုနဲ့ နယ်စပ်ဖြတ်ကျော်ပြီး
ထွက်ပြေးအောင် အတင်းအဓမ မောင်းထုတ်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဖြစ်ပါတယ်။
အခု ဦးထွန်းခင်နဲ့ ရိုဟင်ဂျာ အမျိုးသမီး ၆ဦး ထွက်ဆိုခဲ့တဲ့ အမှုကတော့
မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှာပဲ ရိုဟင်ဂျာတွေကို အစဖျောက်ပြစ်တာ၊
ညှင်းပန်းနှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တာ၊ အစုလိုက်အပြုံလိုက်
လူသတ်မှုနဲ့ မုဒိန်းမှုတွေ ကျူးလွန်ခဲ့တာ နဲ့ အစုလိုက်အပြုံလိုက် ထောင်သွင်း အကျဉ်းချခဲ့တာ
စတဲ့ ပြစ်မှုတွေအတွက် ဖြစ်ပါတယ်။
ဒါကြောင့်မို့ အာဂျင်တီးနား တရားရုံးအနေနဲ့ ဒီအမှုကို
ရှေ့ဆက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အမိန့်ချဖို့ပဲ ရှိပါတယ်။ ဒါဟာ ကျူးလွန်ခံရသူတွေအတွက်
တရားမျှတမှု ရဖို့ အရေးကြီးတဲ့ အဆင့် တစ်ခုဖြစ်ပါတယ်။ ”
အာဂျင်တီးနားတရားရုံးဟာ ဒီအမှုအတွက်စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အမိန့်ကို
မကြာခင် တစ်ပတ် နှစ်ပတ်အတွင်း ချမှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကွင်တားနားက
ပြောပါတယ်။
အာဂျင်တီးနားနိုင်ငံက တရားရုံးတွေဟာ universal jurisdiction တရားစီရင်ခွင့်ကို
အခြေခံပြီး အခြား နိုင်ငံတစ်နိုင်ငံက ရာဇဝတ်မှုတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ရာဇဝင်ရှိခဲ့ပြီး၊
စပိန်နိုင်ငံမှာ အာဏာရှင် ဖရန်ကို အစိုးရ လက်ထက်က ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေနဲ့ တရုတ်အစိုးရက
ဖူလန်ဂေါင် ဘာသာရေး အဖွဲ့တွေကို နှိပ်ကွပ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်တွေ
ရှိခဲ့ပါတယ်။ source-FRA