မြန်မာ စစ်တပ် နေဝင်ချိန် ရောက်လုနီးပြီလော

မြန်မာ စစ်တပ် နေဝင်ချိန် ရောက်လုနီးပြီလော
*********************
Is Myanmar military on its last legs? ခေါင်းစဉ် ဖြင့် နယူးယောက် အခြေစိုက်မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်ဝာာ မှ ဇွန်လ ၂၁ နေ့က သုံးသပ်ထားသည်ကို ပြန်လည် တင်ပြပါသည်။
မြန်မာစစ်တပ်သည် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အကြောက်အကန် ရုန်းကန်နေရပြီ ဖြစ်သည် ဆိုသော လက္ခဏ သင်္ကေတ များ က တနေ့တခြား တိုးပွား ကြီးထွားလာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးချိန်ကစ၍ စစ်တပ်သည် ဘက်ပေါင်းစုံတွင် စစ်မျက်နှာဖွင့် တိုက်ခိုက်နေရသည့် ပြည်တွင်းစစ်ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
၎င်းကြွေးကြော်သလို နိုင်ငံ တည်ငြိမ်ပြီး လုံခြုံမှု ရလာအောင် မလုပ်နိုင်သည့်အပြင် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားမည့် အလားအလာများကို ဖန်တီးပေးခဲ့ပြီလည်း ဖြစ်သည်။ မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များ အဖို့ကတော့ ပြည်တွင်းစစ် ဆိုသည်မှာ ၎င်းတို့ ပိုင် စစ်တပ်ကို ပြိုကွဲအောင် လုပ်ခြင်းဟုသာ ခံယူထားကြသည်။
အပတ်တိုင်း လိုလိုပင် မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ (EAO) များ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ (PDF) များ နှင့် နိုင်ငံတဝှမ်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး အထိအခိုက် အကျအဆုံး များပြားလျက် ရှိသည်ကို ယုံကြည်ရသော သတင်း အရင်းအမြစ်ပေါင်းများစွာ မှ တဆင့်သိရှိနေရသည်။ အထူးသဖြင့် ချင်း၊ ကရင်၊ ကယား ပြည်နယ်များ နှင့် စစ်ကိုင်း နှင့် မကွေးတိုင်း ‌ဒေသများတွင် ဖြစ်သည်။
စစ်တပ်ဖက်မှ ထိခိုက်ကျဆုံးသူများထဲ တွင် ရာထူးကြီးကြီးများပင် ပါဝင်နေပြီး စစ်အင်အား အရရော၊ စိတ်ဓါတ်ရေးရာ ပိုင်းအရပါ သိသိသာသာ ချွတ်ခြုံကျလာနေပြီ ဖြစ်သည်။ ကချင်ပြည်နယ် အတွင်းတွင် ဆိုက စစ်သားများသည် အသတ်ခံရမည် စိုး၍ တပ်စခန်း အပြင်သို့ပင် မထွက်ရဲအောင် ဖြစ်လာနေသည်။
မြန်မာစစ်တပ်သည် သေဆုံးဒဏ်ရာရသူများ နေရာတွင် အင်အား ထပ်မံ ဖြည့်တင်းရန် ပင် အခက်အခဲများ နှင့်လည်း ရင်ဆိုင်နေရသည်။ ဗိုလ်မှုး အဆင့် ရှိသူများ အပါအဝင် စစ်သား ရာပေါင်းများစွာသည် AWOL ခေါ် ခွင့်မဲ့ပျက်ကွက် သို့မဟုတ် PDF များထံ ရောက်ရှိသွားသူများ ဖြစ်လာကြသည်။
စစ်သားစုဆောင်းရေး တာဝန်ရှိသူများကလည်း လိုအပ်သည့် အရေအတွက်ကို ပြန်၍ ဖြည့်တင်းရန် မနိုင်ရင်ကာ ကြိုးစားနေကြရပြီး အရွယ်မရောက်သေးသူများ ကိုပါ ထည့်သွင်းနေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ ယခင်က စစ်တပ် အတွက် စစ်သား များ ရရှိနိုင်သည့် အဓိကနေရာများ ဖြစ်သော မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းရှိ လူငယ်များသည် PDF တပ်ဖွဲ့များ ထံသို့ ဝင်ရောက်ကုန်ကြပြန်သည်။
ထို့အတွက် စစ်တပ်ရှိ တပ်ရင်းတပ်ဖွဲ့ အမြောက်အမြားသည် ဖွဲ့စည်းပုံ မပြည့်ပဲ လှုပ်ရှားနေကြရသည်။ ထိုအနေအထားကို အစားထိုး ဖြည့်တင်းနိုင်ရန် ရဲအဖွဲ့ဝင်များဖက် လှည့်လာကြသည်။ အချို့သော ရဲတပ်ဖွဲ့ဝင်များသည် ထိုသို့ တိုက်ခိုက်ရေး တာဝန်များ မယူချင်၍ နှုတ်ထွက်ကုန်ကြသည် ဆိုသော သတင်းများ ထွက်ပေါ်လာသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
စစ်တပ်သည် အရပ်သားများထဲမှ စစ်ပြန်များ၊ ဗုဒ္ဓဘာသာ ဝင် တယူသန်များ နှင့်လည်း ပျုစောထီး ဆိုသော ပြည်သူ့စစ်များ ဖွဲ့စည်းပေးကြရပြန်သည်။ ပျုစောထီးများသည် စစ်တပ်က ချမှတ်ပေးသော နည်းဗျုဟာများ အတိုင်း PDF များကို ထောက်ခံနေသည့် ဒေသများရှိ လူထုအား အကြောက်တရား လွှမ်းမိုးလာအောင် မကြာခဏ ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
ထိုသို့ နည်းလမ်းအမျိုးမျိုး သုံး ကြိုးပမ်းနေ‌သော်ငြားလည်း မြန်မာစစ်တပ်သည် တိုင်းပြည် အပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးလာနေသည်ကို တွေ့နေရသည်။ နိုင်ငံတွင်းရှိ ပြည်တွင်းစစ်ကို စောင့်ကြည့် အကဲခတ်နေသော သတင်းအရင်းအမြစ်များ အဆိုအရ နိုင်ငံ၏ ၄၀ မှ ၅၀ ရာနှုန်းသည် EAO နှင့် PDF များ လက်ဝယ်တွင် ရှိနေပြီး ရခိုင်တပ်တော် AA သည်လည်း ရခိုင်ပြည်နယ် တွင် ကိုယ်ပိုင် မြို့ပြ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ တည်ထောင်ခဲ့ကြသည်။
ချင်း အမျိုးသား တပ်ဦး နှင့် ချင်း‌လန်း ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ချင်းပြည်နယ် အတွင်း “လွတ်မြောက်နယ်မြေ” အစိုးရ တရပ် ဖွဲ့စည်းနိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။ ကေအိုင်အေ၊ ဝ နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များကလည်း ကချင် နှင့် ရှမ်းပြည်နယ်များတွင် နယ်မြေများကို တိုးချဲ့တည်ဆောက်လာကြသည်။ စစ်ကောင်စီသည် ကရင်၊ ကယား ပြည်နယ်များ၊ စစ်ကိုင်း နှင့် မကွေးတိုင်း ဒေသကြီးများတွင် အစိုးရ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မည့် လူများ ရှာ‌ ဖွေရေးတွင်ပင် အခက်အခဲများ ဖြစ်လာနေသည်။
ယူကရိန်း စစ်ပွဲကြောင့်လည်း မြန်မာ စစ်တပ်သည် နောက်ထပ် အန္တရာယ် များ ရင်ဆိုင်လာရပြန်သည်။ မြန်မာ စစ်တပ် အတွက် လက်နက် များ ပံ့ပိုးပေးနေသည့် အဓိက နိုင်ငံ ဖြစ်သည့် ရုရှားသည် ယူကရိန်းအား ကျုးကျော် တိုက်ခိုက်ပြီး နောက်တွင် မြန်မာသို့ ရုရှား လက်နက် တင်ပို့ရေးတွင် နှေးကွေးလာခဲ့သည်။
တဖန် တရုတ်သည် မြန်မာ စစ်တပ် အတွက် လက်နက် များ ထောက်ပံ့ပေးနေသည့် အဓိက နိုင်ငံ ဖြစ်သော်လည်း ၎င်းတို့သည် ပဋိပက္ခ ဖြစ်နေသော နှစ်ဖက်စလုံး နှင့် ဆက်ဆံရေး ကောင်းနေမှ ဖြစ်မည်ဟူသော မူဝါဒ ဖြင့် EAO များ အားလည်း လက်န့က်များ ပံ့ပိုးပေးနေဆဲ ဖြစ်သည်။ စစ်တပ်တွင် ကိုယ်ပိုင် လက်နက် ထုတ်လုပ်ရေး စက်ရုံများ ရှိထားသော်လည်း လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်း ရှိမရှိက မသဲကွဲလှပေ။
မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး အတွက် လာရောက် ဆွေးနွေးကြရန် EAO များကို ခေါ်ယူနေရခြင်းကပင် ‌၎င်းတို့ အန္တရာယ်ကျရောက်နေပြီ ဆိုသည့် နောက်ထပ် သက်သေ အထောက်အထား တခုဖြစ်လာသည်။ ၎င်းတို့ အုပ်ချုပ်ခဲ့သည့် (၁၉၆၂-၂၀၁၁) အတွင်း စစ်တပ် အဖို့ အခက်အခဲ ကြုံလာတိုင်း EAO များ အား ဖိတ်ခေါ်၍ “အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်” ရရန် ဆွေးနွေးလေ့ရှိသည်။ တခါတရံ တွင် တဖွဲ့ကို ထိုးစစ် ဆင်နိုင်ရေး အတွက် လုံလောက်သည့် အင်အား စုစည်းရန် နောက်တဖွဲ့နှင့် ‌ဆွေးနွေးပွဲ စတင်လာတတ်သည်။
စစ်တပ်သည် နောက်ပိုင်း အခြေအနေ ပြန်ကောင်းလာသည့် အခါတွင် ရထားပြီးသော သဘောတူညီချက်များကို ချိုးဖောက်လေ့ ရှိတတ်သဖြင့် EAO များက မင်းအောင်လှိုင်၏ ပန်ကြားမှုများကို ငြင်းပယ်ခဲ့ကြသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။
စစ်တပ်တွင် လက်နက် ပြဿနာ များ ရှိလာနေသည်ကို သိနေကြသော EAO များ နှင့် PDF များက ၎င်းတို့အား လက်နက်များ ထောက်ပံ့ပေးရန် မဆုပ်မနစ် တောင်းဆိုနေကြခြင်း ဖြစ်မည်ဟု ယူဆရသည်။ ၎င်းတို့၏ လေ့လာဆန်းစစ်မှု များ အရ ဆိုက #Stinger အလက် ၅၀ မှ ၁၀၀၊ #M4 ချေမှုန်းရေး ရိုင်ဖယ် ထောင်ဂဏန်း အထိ ရရှိမည်ဆိုက စစ်အာဏာသိမ်း အဖွဲ့ကို ဖြုတ်ချနိုင်သည် ဟု သိရသည်။ ၎င်းတို့တောင်းဆိုသော လက်နက်များ အား EAO သို့မဟုတ် PDF တဖွဲ့စီအား ထောက်ပံ့ပေးရန် အမေရိကန် ဒေါ်လာ သန်း ၃၀ အောက်သာ ကုန်ကျဖို့ ရှိသည်။ အဖွဲအစည်း မည်မျှအထိ ထောက်ပံ့ပေးမည် အပေါ် မူတည်သော်လည်း စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ တစ် ဘီလီယံ ထက် ကျော်မည် မဟုတ်ပေ။ ဘိုင်ဒင် အစိုးရမှ ယူကရိန်းအား လက်ရှိ ထောက်ပံ့နေသည့် ပမာဏ ၏ အစွန်းထွက်မျှသာ ရှိသည်။
သို့သော်လည်း ဘိုင်ဒင် အစိုးရသည် EAO၊ PDF များ တောင်းဆိုနေသည်များကို လိုက်လျောမည်ပုံ မတွေ့ရပေ။ ဘိုင်ဒင်သည် အာဆီယံ ၏ မူ ငါးချက် အကောင်အထည် ပေါ်လာရေး သာ အာရုံစိုက်နေပြီး တဖက်တွင် မြန်မာသို့ လက်နက်တင်သွင်း ရောင်းချနေမှုများ ပိတ်ပင်ရန် ထပ်တလဲလဲ တောင်းဆိုနေပြန်သည်။ ထိုအတွက် EAO နှင့် PDF များကို လက်နက်များ ပံ့ပိုးပေးမည်ဆိုက ၎င်းတို့၏ မူဝါဒ နှင့် တလွဲစီ ဖြစ်သွားပေမည်။ အလားတူ အီးယူကလည်း လက်နက်များ ထောက်ပံ့ပေးလာစရာ အကြောင်း မတွေ့ရပြန်ပေ။
ထိုအတွက် နိုင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် မိမိတို့ ဖာသာ ရှာဖွေရနိုင်မည့် လက်နက်မှန်သမျှဖြင့် ဆက်လက် တိုက်ပွဲဝင်သွားရဖို့သာ ရှိပေသည်။ EAO များ ဖြစ်သည့် ကေအိုင်အေ နှင့် ဝ တပ်ဖွဲ့များထံတွင် လက်နက်စက်ရုံများ ရှိထားပြီး ဖြစ်သော်လည်း အားလုံး အတွက် အလုံအလောက် ထုတ်ပေးနိုင်စွမ်း မရှိပေ။
နိုင်ငံတကာတွင် မြန်မာအရေး ထောက်ခံမှု ပေးရန် အလွတ်သဘော ဖွဲ့စည်းထားသည့် ကွန်ယက်များကလည်း လက်နက်များ ရရှိရန် အပူတပြင်း ကြိုးပမ်းပေးနေကြသော်လည်း ၎င်းတို့ အဖို့ ငွေရေးကြေးရေး အပြင် ဥပဒေ နှင့် မညိစွန်းအောင် ရှောင်ရရှားရသည့် ပြဿနာများ ရှိနေပြန်သည်။မြန်မာ ပြည်သူများကတော့ ပြည်တွင်းစစ်ကြီး ရှည်ကြာလာသည်နှင့်အမျှ ဒုက္ခသုက္ခများ နှင့် တိုး၍ ရင်ဆိုင်ရဖို့သာ ရှိနေပေသည်ဟု ရေးသားထားသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ ၏ မီဒီယာ တာဝန်ခံ ကိုနေဘုန်းလတ်က လိုအပ်နေသည့် လက်နက်များ၏ ၂၀ မှ ၂၅ ရာနှုန်းအထိ ရရှိထားပြီ ဖြစ်သည့်အပြင် PDF များသည် စစ်တပ် တတပ်၏ အဆင့်အတန်းသို့ ရောက်ရှိလု ‌နီးနေပြီ ဖြစ်၍ ပျောက်ကြားစစ်မှ ထိုးစစ်ကြီး အဆင့်သို့ တက်လှမ်းတော့မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ပြည်သူများ၏ လှုဒါန်းငွေများ ထဲမှ ဒေါ်လာ ၄၅ သန်းကို လက်နက်ဝယ်ယူရေး တွင် သုံးစွဲခဲ့ပြီး၊ ယင်းပမာဏ သည် ဘတ်ဂျက်၏ ၉၅ ရာနှုန်းရှိသည်ဟု ဆိုသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် ‌မုချ အောင်ရမည်!!!
Hla soewai

Be the first to comment

Leave a Reply

Your email address will not be published.


*