NUG ရေဒီယိုလိုင်းအတွက် ထောက်ပံ့ကူညီပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ထုတ်ပြန်

NUG ရေဒီယိုလိုင်းအတွက် ထောက်ပံ့ကူညီပါက အရေးယူခံရမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ဧရာဝတီ၊ သြဂုတ် ၂၁၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်လွှင့်သည့် ရေဒီယိုလိုင်းအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ပါက

တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာနက

၎င်းတို့၏ ယနေ့ထုတ် ဝါဒဖြန့်သတင်းစာတွင် သတိပေး ဖော်ပြထားသည်။

ယင်းကြေညာချက်တွင် Radio NUG အမည်ဖြင့် ၂၀၂၁၊ သြဂုတ် ၂၀ ရက်တွင် စမ်းသပ်ထုတ်လွှင့်ခဲ့သည့်

ရေဒီယိုလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်လွှင့်ခွင့် ပြုထားသော ရေဒီယိုလိုင်း မဟုတ်ကြောင်း၊

ခွင့်ပြုချက် မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်း ပြုလုပ်ပါက

အရေးယူခံရမည်ဖြစ်ကြောင်း ရေးသားထားသည်။

NUG ၏ ရေဒီယို အစီအစဉ်ကို သြဂုတ် ၂၀ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး Radio NUG အစီအစဉ်ကို

ဖမ်းယူနားဆင်နိုင်ရန်အတွက် ဈေးကွက်ထဲတွင်လည်း ရေဒီယိုဝယ်ယူမှုများ မြင့်တက်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက ဆိုင်များရှိ ရေဒီယိုများကို သိမ်းရန်နှင့် တရုတ်နိုင်ငံမှ ရေဒီယိုများ တင်သွင်းမှုကို

ကန့်သတ်ရန် ညွှန်ကြားချက် ပေးလိုက်သလို ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ဂမုန်းပွင့် ကုန်တိုက်ရှိ

ရေဒီယိုများကို သိမ်းယူသွားသည်ဟူသော သတင်းများလည်း ယမန်နေ့က ထွက်ပေါ်ခဲ့သည်။

Radio NUG အစီအစဉ်ကို သြဂုတ် ၂၀ ရက်မှစ၍ မနက် ၈ နာရီ တကြိမ်၊ ည ၈ နာရီ တကြိမ် တကြိမ်လျှင်

မိနစ် ၃၀ စီ စတင် ထုတ်လွှင့်မည်ဖြစ်ပြီး ရေဒီယို အမျိုးအစား 10 Band Digital Radio ဖြင့်

လှိုင်းတိုမီတာ ၁၆/ မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှ ဖမ်းယူနိုင်မည် ဖြစ်ကြောင်း

NUG က ကြေညာထားသည်။

Add a Comment

Your email address will not be published. Required fields are marked *